ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အနီးမှာ လူ(၉)ယောက် လိုက်ပါတဲ့ ပြည်တွင်းခရီးသည်တင် လေယာဉ်ငယ် တစ်စင်း ကြာသပတေးနေ့က ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားတဲ့ လူတွေအားလုံးဟာ လေယာဉ် ပျက်ကျမှုမှာ သေဆုံးသွားကြဖွယ် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလေယာဉ်ဟာ ဘန်ကောက်မြို့တော် သု၀ဏ္ဏဘူမိလေဆိပ်ကနေ စတင်ပျံတက်ပြီးနောက် (၁၁)မိနစ်အခန့်အကြာမှာ လေကြောင်း ဆက်သွယ်ရေး ရေဒီယိုနဲ့ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလေယာဉ်ဟာ စတင်ပျံတက်ရာနေရာကနေ (၂၅)မိုင်လောက်အကွာ ချာချွန်ဆောင်ပြည်နယ်က ရေဝပ်စိမ့်မြေဧရိယာတစ်ခုပေါ် ပျက်ကျသွားခဲ့တာလို့ ထိုင်းဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည်(၇)ယောက်နဲ့ လေယာဉ်မှူး(၂)ယောက် စုစုပေါင်း(၉)ယောက် စီးနင်းလိုက်ပါသွားခဲ့ တာပါ။ လတ်တလောမှာ လေယာဉ်ပေါ် လိုက်ပါတဲ့ ခရီးသည်တွေ ဘယ်သူတွေလဲဆိုတာကို မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်တွေထဲမှာ တရုတ်ဟောင်ကောင်ဒေသက တရုတ်ခရီးသွား(၅) ယောက်၊ ထိုင်းအမျိုးသမီး ဝန်ထမ်း(၂)ယောက်၊ ထိုင်းလေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။လေယာဉ်ပျက်ကျမှုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။