ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီး ထရွန်မိုင်လန်အပေါ် ချမှတ်ထားတဲ့ သေဒဏ်စီရင်ချက်ကို ဗီယက်နမ် တရားရုံးတစ်ရုံးက အင်္ဂါနေ့က ထပ်မံအတည်ပြုလိုက်ပါတယ်။ လုပ်ငန်းရှင် ထရွန်မိုင်လန်က အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ငွေကြေးလိမ်လည်မှုဖြစ်စဉ်အတွက် သူ့အပေါ်ချမှတ်ထားတဲ့ သေဒဏ်စီရင်ချက်ကို အယူခံဝင်ခဲ့ ပါတယ်။
အသက်(၆၈)နှစ်အရွယ် လန်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆိုင်ဂုံကုန်သွယ်ရေးဘဏ်ကနေ ငွေကြေးလိမ်လည်မှုမှာ သူပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍအတွက် သေဒဏ်ချမှတ်ခံခဲ့ရတာပါ။ ဒီစီရင်ချက်ကို တစ်လအကြာ အယူခံဝင် ပြီးနောက် တရားရင်ဆိုင်ခဲ့ပေမဲ့ ဟိုချီမင်းမြို့က တရားရုံးက သူ့အပေါ်ချမှတ်ထားတဲ့စီရင်ချက်ကို လျှော့ပေါ့ပေးဖို့ အကြောင်းပြချက်မရှိဘူးဆိုကာ အယူခံကိုပယ်ချပြီး မူလသေဒဏ်စီရင်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လန်အနေနဲ့ အဲဒီသေဒဏ်စီရင်ချက်ကနေ လွတ်မြောက်ဖို့အတွက် အခွင့်အလမ်းတွေ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ စီရင်ချက်ကို အတည်ပြုခဲ့တဲ့ ဟိုချီမင်းတရားရုံးက သူ့အနေနဲ့ လိမ်လည်ခိုးယူသွားတဲ့ ငွေကြေးထဲက လေးပုံတစ်ပုံကို ပြန်အပ်နှံရင် စီရင်ချက်ကို တစ်သက်တစ်ကျွန်းအဖြစ် လျှော့ပေါ့ပေးနိုင်ခြေရှိကြောင်း ပြောခဲ့ပါ တယ်။ သူ့ခင်ပွန်းဖြစ်တဲ့ တရုတ်ဟောင်ကောင် ဘီလျံနာသူဌေး အဲရစ် ချူနတ်ကီးဟာလည်း သူ့အပေါ်ချမှတ်ခံ ရတဲ့ ထောင်ဒဏ်(၉)နှစ်ကို ထောင်ဒဏ်(၇)နှစ်အထိ လျှော့ပေါ့ခံစားခွင့် ရထားပါတယ်။