ဖိလစ်ပိုင်ကို စစ်ဘက်ဆိုင်ရာရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဇူလိုင် ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ဘေဂျင်းနဲ့ မနီလာ ရေပိုင်နက်အရေး တင်းမာ နေချိန်မှာ မနီလာနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ဝါရှင်တန်က သီတင်းပတ်တွေအတွင်း ကြိုးပမ်းနေတာပါ။
ဖိလစ်ပိုင်ဟာ အခုနှစ်အတွင်း အင်ဒို-ပစိဖိတ်ဒေသက အဓိကအမေရိကန်ပြိုင်ဘက် တရုတ်နဲ့ ပင်လယ်ပြင်မှာ အကြိမ်ကြိမ် အငြင်းပွားခဲ့ပေမယ့် အခုအခါ နှစ်ဖက်တင်းမာမှုတွေ ဖြေလျှော့ဖို့နဲ့ ကွဲလွဲမှုတွေကို စီမံခန့်ခွဲဖို့ ယာယီအစီအစဉ် ဖော်ဆောင်မယ့် အနေအထား ရောက်ရှိနေပါတယ်။

တရုတ်က ပင်လယ်ပြင် ၉၀ % ကို အချုပ်အချာပိုင် သတ်မှတ် ထားတဲ့ တောင်တရုတ်ပင်လယ်ရဲ့ အနောက်ဘက်က ရေပိုင်နက်ကို ဖိလစ်ပိုင်က တရုတ်နဲ့ အပြိုင် တောင်းဆိုထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ် ရေးဝန်ကြီး အော်စတင်တို့နဲ့ တွေဆုံရာမှာ မနီလာနဲ့ ဝါရှင်တန်တို့ကြား ပုံမှန်ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ရေပိုင်နက်ဆိုင်ရာ တင်းမာမှုတွေကို သွက်သွက်လက်လက်နဲ့ တုံ့ပြန်မှုသေချာစေဖို့ လိုအပ်တယ်လို့လည်း မားကို့စ် ဂျူနီယာက ပြောပါတယ်။