ဗြိတိန်ဝန်ကြီးချုပ်သစ် ကီအာ စတာမာက စကားလုံးသက်သက်မဟုတ်ဘဲ တိုင်းပြည်ကို ပြုပြင်ဖို့ ကတိကဝတ် ပြုခဲ့ပေမယ့် တိုးတက်မှုရဖို့ အချိန်ယူရမယ်လို့ မဲဆန္ဒရှင်တွေကို သတိပေးခဲ့ပါတယ်။

ဇူလိုင် ၅ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးခန်းနဲ့ နေအိမ်အပြင်မှာရပ်ရင်း စတာမာက ပြောဆိုခဲ့တာပါ။ ဗြိတိသျှပါလီမန် ရွေးကောက်ပွဲမှာ သူ့ရဲ့လေဘာပါတီက အပြတ်အသတ်အနိုင်ရပြီး မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ကွန်ဆာဗေးတစ်အစိုးရရဲ့ ၁၄ နှစ်ကြာစိုးမိုးမှုကို အဆုံးသတ်ပြီးနောက် သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုပမာဏကို အသိအမှတ်ပြုခဲ့ပါတယ်။

ကွန်ဆာဗေးတစ်တွေ လက်အောက်မှာ နှစ်ပေါင်းများစွာ အရှုပ်အရှင်းတွေနဲ့ ပရမ်းပတာ ဖြစ်ပြီးနောက် ဗြိတိန်နိုင်ငံသား အများအပြားဟာ နိုင်ငံရေးကို စိတ်ပျက်နေကြကြောင်း နားလည်သဘောပေါက် တယ်လို့လည်း မိန့်ခွန်းရဲ့ နောက်ကွယ်မှာ စတာမာက ပြောဆိုခဲ့ပါတယ်။
ထိုင်ခုံ ၆၅၀ ရှိတဲ့ ပါလီမန်မှာ လက်ဝဲ ဗဟိုလေဘာပါတီက အများစုအနိုင်ရရှိခဲ့တဲ့အတွက် သောကြာနေ့ မနက်ပိုင်းက ရီရှီဆူနတ်က ဝန်ကြီးချုပ်အဖြစ် ကနေ နုတ်ထွက်ခဲ့သလို စတာမာကိုလည်း ချားလ်စ်ဘုရင်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။