အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ ပြည်ထောင်စုနယ်မြေမှာ ဝန်ကြီးချုပ်မိုဒီရဲ့ဟိန္ဒူအမျိုးသားရေးပါတီ(BJP)ဟာ နှစ်ပေါင်း(၂၇)နှစ်အကြာမှာ ပထမဆုံးအဖြစ် အာဏာပြန်လည်ရရှိသွားခဲ့ပါတယ်။ စနေနေ့က ကျင်းပတဲ့ ပြည် ထောင်စုနယ်မြေ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲမှာ နေရာပေါင်း (၄၈)နေရာကို မိုဒီရဲ့ ဘီဂျေပီက အနိုင်ရခဲ့ တာပါ။

အဲဒီအောင်မြင်မှုအပေါ် ဖွံ့ဖြိုးတိုးတက်ရေးက အနိုင်ရပြီ၊ ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်မှုက အနိုင်ရပြီ ဖြစ်ကြောင်းနဲ့ ခိုင်မာပြီး သမိုင်းဝင်တဲ့ အခွင့်အာဏာအပ်နှင်းမှုအတွက် ဒေလီက ညီအစ်ကို မောင်နှမတွေ အားလုံး ကို ဦးညွတ်ကြောင်း မိုဒီက သူရဲ့ X လူမှုကွန်ရက်ပေါ်မှာ အော်ပွဲခံ ရေးတင်ခဲ့ပါတယ်။ ထင်ရှားတဲ့ မိုဒီရဲ့ အဓိက အတိုက်အခံ တစ်ယောက်ဖြစ်ပြီး နယူးဒေလီမြို့တော်ရဲ့ ပြည်ထောင်စုနယ်မြေဝန်ကြီးချုပ် အာဗင့် ကေဂျေဝါးလ် က လွှတ်တော်မှာ (၂၂)မဲပဲ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီရလဒ်နဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အခွင့်အာဏာကို နှိမ့်ချစွာ လက်ခံပါကြောင်း၊ အနိုင်ရ ဘီဂျေပီကို ဂုဏ်ပြုကြောင်းနဲ့ ပြည်သူတွေကို ပေးခဲ့တဲ့ ကတိကဝတ်တွေ ဖြည့်ဆည်း နိုင်ဖို့ကိုလည်း မျှော်လင့်ကြောင်း ကေဂျေဝါးလ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
လူဦးရေ သန်း(၂၀) လောက် နေထိုင်ရာ မြို့ကြီးဖြစ်တဲ့ နယူးဒေလီမှာ အိမ်ရာပိုင်ဆိုင်ခွင့်နဲ့ လေထုညစ်ညမ်းမှုကိစ္စ တွေဟာ လူထု အာရုံစိုက်တဲ့ အကြောင်းအရာတွေအဖြစ် ရှိနေပါတယ်။ နယူးဒေလီဟာ ဘီဂျေပီ ပါတီအတွက် မဲဆန္ဒနယ်တွေထဲ မှာ ဝင်တိုးလို့မရတဲ့ မဲဆန္ဒနယ်မြေအဖြစ် ကာလရှည်ကြာ တည်ရှိနေရာကနေ စနေနေ့ နယ်မြေရွေးကောက်ပွဲမှာ မဲအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။