အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုဟာ အခုအပတ်မှာ အန္တရာယ်ရှိအဆင့်ကို ရောက်ရှိလာ နေပါတယ်။ မြို့တော်ရဲ့ လေထုညစ်ညမ်း ဆိုးရွားလာတာကြောင့် အာဏာပိုင်တွေက အသွားအလာကန့်သတ် တာနဲ့ လေထုထဲက အဆိပ်သင့်မီးခိုးမြူတွေကို သန့်စင်ဖို့အတွက် မိုးတုဖန်တီးတာတွေ ပြန်လည်လုပ်ဆောင်နေ ရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဒေသခံပြည်သူတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေပြီး ဆေးရုံဆေးခန်း ပြသရသူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် နယူးဒေလီက စာသင်ကျောင်းတွေကို ပိတ်ဖို့ တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးဌာနတွေကိုလည်း တနင်္လာနေ့ ကစပြီး လုပ်ငန်းလည်ပတ်မှုရဲ့ တစ်ဝက်ကို လျှော့ချထားဖို့ ညွှန်ကြားထားခဲ့ပါတယ်။
ဒေလီရဲ့ အဆိပ်သင့် မီးခိုးမြူတွေဟာ ဆောင်းရာသီမှာ ပုံမှန်လိုဖြစ်ပေါ်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအပတ် အစောပိုင်းတုန်းက လေထုညစ်ညမ်းမှု တိုင်းထွာချက်အရ နယူးဒေလီမြို့တော်ရဲ့ (၂၄) နာရီအတွင်း လေထု အရည် အသွေး သတ်မှတ်ချက်ဟာ (၄၉၃)အထိရှိနေပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးက သတ်မှတ်ထားတာထက် အဆပေါင်း (၃၀)လောက် ကျော်လွန်များပြားနေပါတယ်။