တရုတ်နိုင်ငံ ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ယောက်ကို ရာထူးကနေ အနားပေးပြီး အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အနားပေးခံရသူဟာ တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး မြောင်ဟွာ ဖြစ်ပြီး ဆိုးရွားတဲ့ စည်းကမ်းချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ၀ူကျန်းက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အသက်(၆၉)နှစ်အရွယ် မြောင်ဟာ သမ္မတရှီရဲ့ လူရင်းတစ်ယောက်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရထားရသူ ဖြစ်ပြီးတော့ ဗဟိုစစ်ကော်မရှင်ရဲ့ နိုင်ငံရေးဌာနကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ အခုသူ့ကို အနားပေးတဲ့ သတင်းဟာ Financial Times သတင်းက တရုတ် ကာကွယ်ရေးဝန်ကြီး ဒုန်ယွန်ဟာ အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ အမေရိကန်အရာရှိတွေကို ကိုကားပြီး သတင်းဖော်ပြပြီး နောက်တစ်နေ့မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ Financial Times သတင်းရဲ့ ဖော်ပြချက်ကို ပယ်ချပြီး ဒါဟာ လုပ်ကြံသတင်း သက်သက်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။