တရုတ်သမ္မတ ရှီကျင်းဖျင်က စစ်တပ်အနေနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့နဲ့ စစ်ပွဲတွေကို အနိုင်ရယူစွမ်း ရှိရေး အာရုံစူးစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း အကျင့်ပျက်ခြစားမှုတွေကို ပေကျင်းက နှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ သမ္မတရှီရဲ့ တိုက်တွန်းချက်ကို နိုင်ငံပိုင်မီဒီယာမှာ ကြာသပတေးနေ့က ဖော်ပြလာတာပါ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)ရဲ့ သတင်းအချက်အလက် ပံ့ပိုးရေးတပ်ဖွဲ့ကို ဗုဒ္ဓဟူးနေ့က စစ်ဆေးရာမှာ စစ်တပ်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့တာလို့ CCTV သတင်းဌာနက ပြောပါတယ်။

တရုတ်သမ္မတ ရှီဟာ အာဏာရလာပြီးနောက်ပိုင်းမှာ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ ရှီရဲ့ ဒီလှုပ်ရှားမှုဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးချနေတယ်လို့ သုံးသပ်ကြပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အားထုတ်မှုတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)အပေါ် အဓိက အာရုံစိုက်ခဲ့တယ်လို့ ယူဆရပြီး ရေတပ်ဗိုလ်ချုပ်ကြီးလည်းဖြစ် ပေါ်လစ်ဗျူရို နိုင်ငံရေးဌာနကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး မြောင်ဟွာကို ရာထူးကနေ အနားပေးခဲ့ပါတယ်။