တရုတ်(တိုင်ပေ)နဲ့ သိပ်မဝေးတဲ့ ဂျပန်ပိုင် ကျွန်းတစ်ခုနားမှာ တရုတ်က စေလွှတ်တယ်လို့ ယုံကြည်ရတဲ့ ဒရုန်း တစ်စင်းကို တွေ့ရှိခဲ့တာကြောင့် ဂျပန်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရတယ်လို့ Reuters သတင်း မှာ ဖော်ပြထားပါတယ်။

အဲဒီ မောင်းသူမဲ့ ပျံသန်းနေတဲ့ယာဉ်ကို တရုတ်က ပိုင်ဆိုင်တာလို့ ယုံကြည်ရပြီး အဲဒီယာဉ်ဟာ ယိုနာဂူနီကျွန်းနဲ့ တရုတ်(တိုင်ပေ)ကမ်းရိုးတန်းကြားကနေ ဖြတ်ပျံခဲ့တာဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ လူမှုကွန်ရက်မီဒီယာ X ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်ရဲ့ ပြည်စောင့်တပ် လေတပ်က တိုက်လေ ယာဉ်တွေလည်း အရေးပေါ် ပျံတက်စေပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ယိုနာဂူနီကျွန်းဟာ တရုတ်(တိုင်ပေ)နဲ့ ကီလိုမီတာ ၁၀၀ လောက်သာ ကွာဝေးပြီး ဂျပန်စစ်တပ်က တာလတ်ပစ်ဒုံးကျည်တွေ ဖြန့်ကြက်ဖို့ စီစဉ်နေတဲ့ စစ်အခြေစိုက်စခန်းတစ်ခု တည်ရှိပါတယ်။

တရုတ်ကသာ တရုတ်(တိုင်ပေ)ကို တိုက်ခိုက်ရင် ဂျပန်ကလည်း တရုတ်(တိုင်ပေ)ဘက်ကနေ စစ်ရေးအရ ပါဝင် တုံ့ပြန်ဖွယ်ရှိတယ်ဆိုတဲ့ ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ စကားကြောင့် တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာ နေချိန်မှာ အခုအခြေအနေမျိုး ကြုံလာခဲ့ရတာဖြစ်ပါတယ်။




