အမေရိကန်က ဂျပန်နိုင်ငံမှာ ဒုံးကျည်တွေ ချထားရင် ရုရှားနဲ့ တရုတ်တို့က နိုင်ငံရေးအရ တုံ့ပြန်မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက စက်တင်ဘာ (၁၁) ရက်မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့အတွက် တိုင်ဖွန်း အမျိုးအစား တာလတ်ပစ် ဒုံးကျည် စနစ်ကို ဂျပန်နိုင်ငံမှာ ဖြန့်ကြက်ချထားဖို့ စိတ်ဝင်တစားရှိကြောင်း Japan Times က စက်တင်ဘာ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တတိယနိုင်ငံတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ရန်စမှုတွေနဲ့ ရင်ဆိုင်ရရင် မော်စကိုနဲ့ ပေကျင်းတို့ဟာ သူတို့ရဲ့ အလားအလာကို ပေါင်းစပ်နိုင်တယ်လို့ ဇာခါရိုဗာက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ခေတ်သစ်တစ်ခုအတွက် သူတို့ရဲ့ “ဘက်စုံမိတ်ဖက်ဆက်ဆံရေးနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု” လို့ ခေါ်ဆိုတဲ့ကိစ္စကို နက်ရှိုင်းစေဖို့ မေလမှာ သဘောတူညီထားကြပါတယ်။