ဂါဇာကမ်းမြောင်ဒေသထဲက ဒိတ် အယ်လ် ဘာလမြို့မှာ ပထမဆုံး ပိုလီယိုရောဂါဖြစ်ပွားမှုကို ပိုလီယို ကာကွယ် ဆေး ထိုးနှံ့မထားတဲ့ (၁၀)လသားအရွယ် ကလေးငယ်မှာ တွေ့ရှိထားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

သောကြာနေ့ မနက်ပိုင်းတုန်းကလည်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် ခိုင်မာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်စဲမှုတစ်ခု လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ပိုလီယိုရောဂါပြန့်ပွားမှု တားဆီးဖို့အတွက် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း နှစ်ကြိမ်လုပ်ဖို့ လိုအပ်ရာမှာ တစ်ကြိမ်စီမှာ ကာကွယ်ဆေးထိုးနှံမှုကို ၉၅ ရာခိုင်နှုန်းလွှမ်းခြုံနိုင်အောင်လုပ်ဖို့ လိုအပ်နေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
အဲဒီလို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ယန္တရားတွေနဲ့အအေးပေးစက်တွေ လိုအပ်သလို အင်တာနက်လိုင်း၊ ဖုန်းဆက်သွယ် ရေးနဲ့ တခြားဝန်ဆောင်မှုတွေ လိုအပ်ပါတယ်။
ပိုလီယိုရောဂါပိုးကို ဒိတ် အယ်လ် ဘာလနဲ့ ခန်ယိုနစ္စမြို့က စွန့်ပစ်ရေဆိုးတွေမှာ တွေ့ရှိထားရပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက အဲဒီရောဂါပိုးဟာ ပျံ့ပွားနေခဲ့ဖွယ် ရှိတယ်လို့ WHO ရဲ့ ပိုလီယိုရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဟာမစ် ဂျဖာရီက ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။