ရွေးကောက်ခံသမ္မတ ထရမ့်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ ကျင်းပမယ့် သူရဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တယ်လို့ AP သတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေအနေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အမေရိကန်နိုင်ငံရေးအစဉ်အလာအဖြစ် ပြောင်းလဲသွားစေမယ့် ထူးခြားတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နိုဝင်ဘာ အစောပိုင်းကတည်းက ဖိတ်ကြားထား တာဖြစ်ပြီး လက်ခံမခံ မသိရသေးဘူးလို့ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt (ကာရိုလိုင်း လဲဗစ်တ်)က ပြောကြားထားပါတယ်။ တကယ်လို့ တရုတ် သမ္မတသာ ဝါရှင်တန် လာမယ်ဆိုရင် ကုန်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ ထရမ့်ရဲ့ ဒုတိယ သမ္မတသက်တမ်းမှာ ပထမဆုံး အခွင့်အလမ်းတစ်ခု ဖြစ်သွားမယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ပြောကြားထားပါတယ်။

ဖိတ်ကြားထားတဲ့ တခြား နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမည်ကိုတော့ ကာရိုလိုင်း လဲဗစ်တ် အတိအကျ ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။အစဥ်အလာအားဖြင့်တော့ ဝါရှင်တန်မှာ ရှိနေတဲ့ သံအမတ်ကြီး တွေကသာ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၁၈၇၄ ခုနှစ်ကတည်းက မှတ်တမ်းတွေအရ ဘယ်နိုင်ငံခြားတိုင်းပြည်အကြီးအကဲမှ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်တာမရှိခဲ့ပါဘူး။