ကနေဒါနဲ့ မက္ကဆီကို တို့ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရိလ ၃၁ ရက်က ပြောကြားလိုက်ကြောင်း USA Today သတင်းမှာ ဖော်ပြထားပါတယ်။

ကနေဒါကနေ ရေနံတင်သွင်းမှုအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုကိုတော့ လျှော့ချနိုင်ဖွယ်ရှိတယ်လို့ ထရမ့်က ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ကိုလည်း စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းထပ်မံ ကောက်ခံသွားမယ်လို့ ထရမ့်က ပြောကြားထားပါတယ်။ ကနေဒါ၊ မက္ကဆီကို နဲ့ တရုတ် နိုင်ငံသုံးနိုင်ငံတို့ကို ထပ်မံပြဌာန်းလိုက်တဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုအသစ်က ဖေဖော်ဝါရီလ၁ ရက်နေ့မှာ စတင် အသက်ဝင်မှာဖြစ်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတထရမ့်က ပြောပါတယ်။

အမေရိကန်နိုင်ငံထဲ တရားမဝင် လာရောက်မှုတွေ၊ ဖန်တမ်နိုင်းမူးယစ်ဆေးထုတ်နိုင်တဲ့ ဓါတုပစ္စည်း ခိုးသွင်းမှုတွေ ရပ်ဆိုင်းဖို့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံတွေအပေါ် အခွန်အခ တိုးမြှင့်ကောက်ခံမှာ ဖြစ်ကြောင်း သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့သလို ဒီလို အခွန်တိုးကောက်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးလာအောင် လုပ်မှာ ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။