မကွေးတိုင်းဒေသကြီးအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေ များလာတယ်လို့ မကွေးတိုင်း ပြည်သူ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။မကွေးတိုင်းအတွင်းမှာ ဧပြီလကတည်းက သွေးလွန်တုပ်ကွေးရောဂါ စပြီး ဖြစ်ခဲ့တာပါ။ အဲဒီလမှာ မိုးရွာသွန်းတာ တွေ ရှိခဲ့ပြီး ခြင်ပေါက်ဖွားမှုလည်း များလာတယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတစ်ဆင့် ကူးစက် ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုလည်း တစ်စတစ်စ များလာပြီး အခုဆို တစ်ပတ်ကို ဖြစ်ပွားသူ အယောက်(၇၀)အထိ ရှိလာပါတယ်။ဒါကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ကွင်းဆင်း ဦးဆောင် ပေးနေတယ်လို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ပြောပါ တယ်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို မြို့နယ်(၂၅)ခုလုံးမှာ ဆောင်ရွက်နေပြီး ချုံနွယ် တွေ ရှင်းလင်းတာနဲ့ ရေစီးရေလာ ကောင်းမွန်စေဖို့ လုပ်ဆောင်တာတွေကို ပြုလုပ်နေပါတယ်။ဒါ့အပြင် ခြင်ပေါက်ဖွားမှုများတဲ့ မိုးရာသီကာလမှာ ရေထည့်အိုးတွေနဲ့ ရေလှောင်ကန်တွေကို ဖုံး၊ သွန်၊ လဲ၊ စစ် နည်းတွေနဲ့ ထားရှိဖို့ အသိပညာပေးတာ အဘိတ်ဆေးခပ်တာတွေကို (၆)ပတ်တစ်ကြိမ် ပုံမှန်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။