မြန်မာ့ပနားမီးပုစွန်ဖြူကို ရုရှားနဲ့ဘယ်လာရုစ် ဈေးကွက်တွေကို တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနက သိရပါတယ်။ရုရှားနဲ့ဘယ်လာရုစ် ဈေးကွက်ကို ပနားမီးပုစွန်ဖြူ တင်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရ တာဝန် ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကို လိုအပ်တဲ့ အချက်အလက်တွေ ပေးပို့ထား တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပါတယ်။

ပနားမီးပုစွန်ဖြူ တင်ပို့လို့ အဆင်ပြေရင် နောက်ပိုင်းမှာ အခြားရေထွက်ပစ္စည်းတွေကို ဆက်လက်တင်ပို့ နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ပြည်ပဈေးကွက်ဝင် မြန်မာ့ပနားမီးပုစွန်ဖြူကို တနင်္သာရီတိုင်းဒေသကြီးအတွင်းက ရေငန်မွေးမြူရေး ကန်တွေမှာ စနစ်တကျ မွေးမြူထုတ်လုပ်ပြီး ဩစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို တင်ပို့နေတာပါ။ တနင်္သာရီတိုင်းဒေသကြီးက မွေးမြူထုတ်လုပ်တဲ့ ပနားမီးပုစွန်ဖြူတွေဟာ ပင်လယ်ရေ အရည်အသွေး ကောင်းမွန်တာနဲ့ ရေထွက်ကုန်အရည်အသွေး ကောင်းမွန်တာတွေကြောင့် ပြည်ပနိုင်ငံတွေက ကြိုက်ကြ တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာ နိုင်ငံခြားဝင်ငွေ သေချာတဲ့ ရေငန်ပုစွန် မွေးမြူတာကိုလည်း ရေလုပ်ငန်းရှင်တွေ ပိုမိုစိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ရင်းနှီးမြှုပ်နှံမှုများတဲ့ ပနားမီးပုစွန်ဖြူ မွေးမြူရာမှာ ခြောက်ပေ အနက်ရှိတဲ့ နှစ်ဧကခွဲ တစ်ကန်ကို ပုစွန် အကောင်ရေ ၂ သန်းကနေ ၄ သန်းအထိ မွေးမြူလေ့ ရှိကြပါတယ်။ ပနားမီး ပုစွန်ဖြူ မျိုးစိတ်ကို ထိုင်း နိုင်ငံက ဝယ်ယူကာ အဆင့်ဆင့် မွေးမြူပြီး ၄ လခန့်အကြာမှာ ရောင်းတန်းဝင်အဆင့်ရောက်ချိန်မှာ ပြည်ပကို တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။



