မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဇူလိုင်(၉)ရက်၊ ညပိုင်းက ရင်ချင်းဆက် အမြွှာညီအစ်မကို အောင် မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့တယ်လို့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ သိရပါတယ်။
လက်ရှိမှာတော့ ရင်ချင်းဆက် အမြွှာညီအစ်မကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနိုင်ဖို့အတွက် ရန်ကုန်မြို့၊ ဟယ်လ်ပင်လမ်းက ကလေးဆေးရုံကြီးမှာ ရောက်ရှိနေပြီဖြစ်ပြီး မိခင်ရော ကလေးတွေပါ ကျန်းမာ ရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာမှာ နေထိုင်တဲ့ နော်ချောဂေ ဆိုသူအမျိုးသမီးရဲ့ (၅)ကြိမ်မြောက် ကိုယ်ဝန်မှာ အခုရင်ချင်းဆက် အမြွှာညီအစ်မကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ရင်ချင်းဆက် အမြွှာညီအစ်မကိုတော့ ဘီးလင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းနဲ့ သူနာပြု ဆရာ၊ ဆရာမတွေက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆရာဝန်တစ်ယောက်တည်းသာရှိတဲ့ နယ်မြို့လေးက ဆေးရုံမှာ အခုလို မွေးဖွားပေးနိုင်ခဲ့တဲ့အတွက် ခွဲစိတ်အဖွဲ့ဝင် တွေ အားလုံးအတွက် အထူးဂုဏ်ယူတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းအင်အား နည်းပါးလှတဲ့ နယ်မြို့လေးက ဆေးရုံမှာ အခုအကြိမ်နဲ့ဆိုရင် ရင်ချင်းဆက် မိန်းကလေးအမြွှာ မွေးဖွားပေးနိုင်ခဲ့တာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်ကတော့ ၁၉၉၂ ခုနှစ်က အားလုံးသိကြတဲ့ အေးအေးငြိမ်းနဲ့ အိအိငြိမ်းတို့ ဖြစ်ပါတယ်။