မြန်မာနိုင်ငံမှာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးတဲ့အတွက် ဧပြီ ၉ ရက်၊ မနက်ပိုင်းက တရုတ်လေတပ်ရဲ့ Y-20 လေ ယာဉ် ၄ စင်းနဲ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါ တယ်။ပြန်လည်ထွက်ခွာသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ်တပ်သားတွေ ပါဝင်ဖွဲ့ စည်းထားတဲ့ တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ ကယ်ဆယ်ရေးအဖွဲ့တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မထွက်ခွာမီ ဧပြီ ၈ ရက်ကတော့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ဂုဏ်ပြုနှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ပြီး ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။ပြန်လည်ထွက်ခွာမယ့် တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ မစ္စ Cao Jing (ချောင်းကျင်)တို့က လေဆိပ်ကို လိုက်လံပို့ဆောင် နှုတ်ဆက် ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေနဲ့ ဆေးဝါးတွေ စုစုပေါင်း တန်ချိန် ၁၀၄ တန် တင်ဆောင်လာတဲ့ Y-20 လေယာဉ် ၄ စင်းကလည်း ဧပြီ ၉ ရက်၊ မနက်ပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်ကို ရောက်ရှိပြီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီလေယာဉ် ၄ စင်းနဲ့ပဲ တရုတ်ကယ်ဆယ်ရေး အဖွဲ့တွေဟာ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားကြတာဖြစ်ပါတယ်။