မန္တလေးမြို့ Sky Villa မှာ မေလ ၆ ရက်က တွေ့ရှိခဲ့တဲ့ ငွေသား ကျပ်သိန်း ရှစ်ရာကျော်၊ ရွှေတစ်ပိဿာကျော် အပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းတွေကို ပိုင်ရှင်ကိုယ်စား မိသားစုဝင်တစ်ယောက်ဆီ ပြန်လည်အပ်နှံပေးခဲ့ တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဟာ ရုပ်အလောင်းကျန်ရှိနေတဲ့ Sky Villa အဆောက်အဦ (B)အဆောင်၊ (C) အဆောင် နဲ့ (D)အဆောင်တွေကို ယန္တရားတွေနဲ့ ရှာဖွေရှင်းလင်းရေးနဲ့ သေဆုံးရုပ်အလောင်း ထုတ်ယူတဲ့ လုပ်ငန်းတွေ ဆက် လက် လုပ်ဆောင်နေတာပါ။ မေလ ၆ ရက်က (B)အဆောင် အခန်းအမှတ်(I 9)က မြန်မာငွေကျပ် ၈၃,၀၀၀,၀၀၀ ၊ အမေရိကန်ဒေါ်လာ၊ တရုတ်ငွေ၊ ထိုင်းဘတ်ငွေ၊ ရွှေတုံးရွှေခဲတွေ၊ လက်ဝတ်ရတနာတွေနဲ့ အရေးကြီး စာရွက် စာတမ်းတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီပစ္စည်းတွေကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နဲ့အတူ ပိုင်ရှင်ကိုယ်စား မိသားစုဝင်တစ်ယောက်ဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Sky Villa အဆောက်အဦ (B)အဆောင် အခန်း အမှတ်(J9)က ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ အဖိုးတန် ပစ္စည်းတွေကိုလည်း ပစ္စည်းလက်ခံ လွှဲပြောင်း ရေးအဖွဲ့နဲ့အတူ ပိုင်ရှင်ဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မေလ(၆)ရက်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးဇာရပ်၊ နယ်မြေ(၄)၊ ဈေးလမ်းရှိ နေအိမ်က ရှာဖွေတွေ့ရှိခဲ့တဲ့ ငွေကျပ်သိန်း(၄၀)ကိုလည်း ပိုင်ရှင်ဆီ လွှဲပြောင်းအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။