Center for World University Rankings (CWUR)ရဲ့ သတ်မှတ်ချက်အရ ၂၀၂၅ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀၀ စာရင်းမှာ တရုတ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကို ကျော်တက်သွားကြောင်း VnExpress သတင်းမှာ ဖော်ပြထားပါတယ်။CWUR ရဲ့ထုတ်ပြန်ချက်အရ တရုတ်က မနှစ်ကနဲ့နှိုင်းယှဉ်ရင် တက္ကသိုလ်အရေအတွက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ကတော့ တက္ကသိုလ် ၁၀ ခုလျော့ကျသွားကာ တက္ကသိုလ် ၃၁၉ ခုပဲ စာရင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက တက္ကသိုလ်တွေဟာ အစိုးရရန်ပုံငွေရရှိမှုတွေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေမှာ နေရာပိုရလာ ပြီး အမေရိကန် တက္ကသိုလ်တွေကတော့ အစိုးရရန်ပုံငွေ ဖြတ်တောက်မှုတွေနဲ့ ပညာရေးလွတ်လပ်ခွင့် ပြဿနာ တွေ၊ ထရမ့်အစိုးရရဲ့ နိုင်ငံတကာကျောင်းသားတွေ ဟားဗတ်မှာကျောင်းအပ်နှံခွင့် ရုပ်သိမ်းဖို့ ကြိုးစားတာတွေ ကြောင့် အခက်အခဲတွေ ကြုံနေရကာ တက္ကသိုလ်အများစု အဆင့်လျော့ကျနေတာ ဖြစ်ပါတယ်။ဧပြီလ ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ The Asia University Rankings မှာလည်း ထိပ်ဆုံးတက္ကသိုလ် ၁၀ ခုမှာ တရုတ် တက္ကသိုလ် ၇ ခု ပါဝင်ခဲ့ပြီး ရှင်းဟွာတက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ်တို့က ထိပ်ဆုံးနှစ်နေရာကို ၆ နှစ်ဆက်တိုက် ရရှိထားတာ ဖြစ်ပါတယ်။