ငလျင်ကာလအလွန် နည်းပညာဆိုင်ရာအဆောက်အဦပိုင်းနဲ့ ပတ်သက်တဲ့ ဒေတာဆန်းစစ်လေ့လာတဲ့ အချက် အလက်ကောက်တဲ့ လုပ်ငန်းစဉ်တွေကို ရပ်လိုက်ပြီလို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော် က ပြောပါတယ်။

အဆောက်အဦပိုင်းနဲ့ပတ်သက်တဲ့ ဒေတာအချက်အလက်တွေ ဆန်းစစ်လေ့လာကောက်ခံနိုင်ဖို့အတွက် ငလျင်ကြီး ပြီးတဲ့နောက် Myanmar Earthquake Clinic ကို Volunteers တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ငလျင်ဒဏ် အများဆုံး ခံရတဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်မြို့နယ်တွေမှာ ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။မြို့ရွာတွေမှာ နေထိုင်စားသောက်မှုတွေ အလျင်အမြန် ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပျက်စီးခဲ့ရတဲ့ အဆောက် အဦတွေထဲက အမြန်ပြန်လည်ပြုပြင်ပြီး နေထိုင်နိုင်မဲ့ အဆောက်အဦတွေကို ဆန်းစစ်လေ့လာမှုတွေ အဓိက ဦးစားပေးပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။အခုလုပ်ငန်းစဉ်က Volunteers တွေ လုပ်ကိုင်တာကိုပဲ ရပ်နားလိုက်တာဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် တော့ လုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။

Yangon Earthquake Clinic Closing Ceremony နဲ့ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက် ပေးခဲ့တဲ့ Volunteers တွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်တဲ့ အခမ်းအနားကို ဩဂုတ်(၂၈)ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ Function Hall မှာ ကျင်းပခဲ့ပါတယ်။အခမ်းအနားမှာ တာဝန်ရှိသူတွေက Volunteers တွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့ပြီး ACECC က ထောက်ပံ့တဲ့ ပစ္စည်းတွေကို လွဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။




