မြန်မာသင်္ဘောသားတွေ အလုပ်အကိုင် ရရှိဖို့အတွက် ပွဲစားခအဖြစ် အေးဂျင့်တွေကို ပေးရတဲ့ ရိုက်ကြေးတွေက အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ကနေ အမြင့်ဆုံး ၇၀၀၀ အထိ ရှိနေတယ်လို့ သင်္ဘောသား အသိုင်းအဝိုင်း က သိရပါတယ်။

သင်္ဘောလိုက်ချင်တဲ့ လူငယ်တွေ များလာတဲ့အချိန်မှာ ရိုက်ကြေးတွေကလည်း အမြင့်ပိုင်းမှာ ရှိနေပြီး တချို့ အေးဂျင့်တွေက လူသစ် သင်္ဘောသားတွေအပေါ် လိမ်ညာတာတွေ ရှိလာတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာ ရိုက်ကြေးယူစဉ်ကပြောတဲ့ သင်္ဘောအမျိုးအစား၊ အရွယ်အစားနဲ့ တကယ်တမ်း လိုက်ရတဲ့အခါ ကွဲပြားနေတာမျိုး၊ ရိုက်ကြေးယူ စာရွက်စာတမ်းတွေ သိမ်းထားပြီး လအတော်ကြာ သင်္ဘော တင်မပေးတဲ့ ဖြစ်စဉ် မျိုးတွေ များတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က ပြောပါတယ်။
ဒီလိုဖြစ်စဉ်မျိုးတွေကို MSF တစ်ခုတည်းက မကိုင်တွယ်နိုင်ဘဲ အလုပ်ရှင်ကိုယ်စားပြုအဖွဲ့အစည်းတွေ၊ သင်္ဘော သားကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ စုပေါင်းဖြေရှင်းရမှာဖြစ်ပြီး ဒီလို ဖြေရှင်းဖို့အတွက် ကြုံတွေ့ရတဲ့ သင်္ဘော သားတွေအနေနဲ့ သတ္တိရှိရှိ တိုင်ကြားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ လျှပ်စစ်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာအလုပ်အကိုင်က နည်းနေပြီး ရိုက်ကြေးမြင့်ပေမဲ့ လစာနည်း တဲ့ ကုန်းပတ်(DR)နဲ့ အင်ဂျင်စက်ခန်း(ER)မှာ လုပ်ရတဲ့ အလုပ်တွေက များတယ်လို့ သင်္ဘောတက်ဖို့ ပြင်ဆင်နေ တဲ့ လူသစ် သင်္ဘောသား ကိုဝေယံမိုးက ပြောပါတယ်။

ဒီလို ရိုက်ကြေးမြင့်တာကြောင့် သင်္ဘောတက်ဖို့ ပြင်ဆင်နေတဲ့လူသစ်သင်္ဘောသား အများစုမှာ အခက်အခဲတွေ ရှိနေတယ်လို့ သင်္ဘောသား အလုပ်အကိုင်အသိုင်းအဝိုင်းက ပြောပါတယ်။
လူသစ်သင်္ဘောသား တစ်ယောက် သင်္ဘောစတက်ရင် ရရှိတဲ့ အခြေခံလစာကတော့ အမေရိကန်ဒေါ်လာ ၁၅၀ လောက်သာရှိပြီး အချိန်ပိုကြေးနဲ့ တခြားအလုပ်တွေပါ ပိုလုပ်ရတဲ့သင်္ဘောမျိုးမှာ လိုက်ရရင်တော့ တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀ ကနေ ၆၀၀ ဝန်းကျင်လောက် ရရှိတယ်လို့ သိရပါတယ်။