ရန်ကုန်တက္ကသိုလ်၊ သင်္ချာမိသားစုရဲ့ ၂၇ကြိမ်မြောက် သက်ကြီးဆရာကြီးဆရာမကြီးများ အာစရိယပူဇော်ကန်တော့ပွဲကို ဇန်နဝါရီလ၁၉ရက်နေ့ကရန်ကုန်တက္ကသိုလ်၊ RCခန်းမမှာကျင်းပပါတယ်။

အခမ်းအနားမှာ ကန်တော့ခံ သက်ကြီးဆရာကြီး ဆရာမကြီးတွေကို တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေက အလှူငွေ၊ ကန်တော့ခံပစ္စည်းတွေနဲ့ ပူဇော်ကန်တော့ကြပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်သင်္ချာဌာနပါမောက္ခဌာနမှူးဒေါက်တာအောင်ကျော်ကနှုတ်ခွန်းဆက်အမှာစကားပြောကြားပါတယ်။

အဲဒီနောက်ဆရာကြီးဆရာမကြီးတွေက ဆုံးမသြဝါဒစကားတွေပြောကြားပြီး ရန်ကုန်တက္ကသိုလ်သင်္ချာဌာန၊ကျန်းမာရေးစောင့်ရှောက်မှုကော်မတီနာယကဆရာမကြီးဒေါက်တာဒေါ်ဝင်းကြည်ကဆရာကြီးဆရာမကြီးတွေကိုကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးနေတာနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပါတယ်။အခမ်းအနားမှာ သင်္ချာကျောင်းသား၊ ကျောင်းသူဟောင်းတွေဖြစ်တဲ့ ဦးခင်မောင်အေး၊ ဦးကျော်ဝင်း၊ ဒေါ်နန်းမောက်လောဝ်ဆိုင်၊ ဦးဇော်ဇော်တို့ကိုသင်္ချာဂုဏ်ရည်စလွယ်ဂုဏ်ပြုဆုများချီးမြှင့်ပါတယ်။

ဆက်လက်ပြီး နယ်ပယ်အသီးသီးမှာထူးချွန်ထင်ရှားကြတဲ့သင်္ချာဂုဏ်ထူးဆောင်ကျောင်းသား၊ကျောင်းသူဟောင်းတွေဖြစ်တဲ့ဦးခင်မောင်အေး၊ ဒေါ်နန်းမောက်လောဝ်ဆိုင်နဲ့ ဦးစင်ရော်မောင်မောင်တို့ကနှုတ်ခွန်းဆက်စကားတွေ ပြောကြားကြပါတယ်။အဲဒီနောက်အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးဦးသန်းထွဋ်က ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သိရပါတယ်။