ဗိုလ်တထောင်စေတီတော်၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲကျင်းပ
One News
Nov 24, 2026
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၄၂) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် ညပိုင်းက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအ ကြီးအကဲတွေ၊ ဂုဏ်သရေရှိလူကြီးမင်းတွေ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေက (၄၂) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ ချင်းစီကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ရက်ကန်းစင်တော် တစ်စင်ကို ကျပ် ၅ သိန်းနှုန်းနဲ့ ၂၄ စင် အတွက် ကျပ်သိန်း ၁၂၀ ချီးမြှင့်ခဲ့ပါတယ်။
ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာသန့်ရှင်းတည်တံ့ပြန့်ပွားစေဖို့နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာနဲ့ လက်မှုရက်ကန်းပညာတွေ မကွယ်ပျောက်စေဖို့အတွက် မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ပြိုင်ပွဲက မသိုးသင်္ကန်းတွေကို ကကုသန် ၊ ကောဏဂုံ ၊ ကဿပ နဲ့ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား လေးဆူတို့ကို ရည်မှန်းဆက်ကပ်လှူဒါန်း ပူဇော်မှာဖြစ်တယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် အလှည့်ကျ သဘာပတိ ဦးတင်ရှိန်က ပြောပါတယ်။
အခုနှစ် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲမှာ ရက်ကန်းစင် ၂၄ စင် ယှဉ်ပြိုင်နေပြီး ညသန်းခေါင်မတိုင်ခင်ပြီးစီးဖို့ ခန့်မှန်းထားကာ တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်မတက်မီ ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်မြတ်ရတနာနဲ့ ဗုဒ္ဓရုပ်ပွားတော် ၂၅ ဆူကို မသိုးရွှေကြာသင်္ကန်းတွေ ဆက်ကပ်လှူဒါန်းပူဇော်မယ်လို့ သိရပါတယ်။
မသိုးသင်္ကန်းယှဉ်ပြိုင်ပွဲမှာ ပထမဆုအဖြစ် ကျပ်သိန်း ၂၀ ၊ ဒုတိယဆုအဖြစ် ကျပ် ၁၅ သိန်း ၊ တတိယဆုအဖြစ် ကျပ် ၁၃ သိန်း ၊ နှစ်သိမ့်ဆုအဖြစ်ကျပ် ၅ သိန်းစီ နဲ့ အရံအဖွဲ့ကိုလည်း ကျပ် ၅ သိန်းစီ အသီးသီးချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၄၂) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ၊ ဌာနဆိုင်ရာအကြီးအကဲတွေ ၊ ဂုဏ်သရေရှိလူကြီးမင်းတွေ ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေ ၊ သင်္ကန်းအလှူရှင်တွေ ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
စရီသီလိုက်မာ ကာလီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းသိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲတော်ကျင်းပ
One News
Nov 22, 2026 16ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှာတည်ထားကိုးကွယ်တဲ့ဆုတောင်းပြည့် စရီသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီး၊ ဆုတောင်းပြည့် စရီ မူသူးမာရီယမ္မာန်မယ်တော်ကြီး ဘုရားကျောင်းရဲ့မဟာကုမ္ဘာဘိသျှေဂမ် သိဒ္ဓိတင်ရေစင်သွန်းလောင်း ပွဲတော်ကိုနိုဝင်ဘာလ (၂၂) ရက်ကကျင်းပပါတယ်။