ဖိလစ်ပိုင်နိုင်ငံကို တင်ပို့နေတဲ့မြန်မာ့ပြောင်းဆန်ကို ပိုမိုတိုးမြှင့် တင်ပို့နိုင်ဖို့အတွက် သဘောတူညီမှု စာချုပ်ကို ဖေဖော်ဝါရီလကုန်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့က သိရပါတယ်။မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းနဲ့ ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်းတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးမှု ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်တွေ အားကောင်းလာစေဖို့နဲ့ နှစ်နိုင်ငံလုံးက စက်မှုလုပ်ငန်းအကျိုးတူ ပါဝင်သူအားလုံး အကျိုးရှိစေမဲ့ ဈေးကွက်အခွင့်အလမ်းသစ်တွေ ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။အခုလို ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှု လွယ်ကူချောမွေ့စေပြီး နိုင်ငံတကာ ချိတ်ဆက်မှုတွေကို မြှင့်တင်ဖို့နဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ဆက်လက်ဖန်တီး ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုလက်မှတ်ရေးထိုးပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်ပြီး မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းက ကိုယ်စား လှယ်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံတကာ ကုန်သွယ်ရေးကော်ပိုရေးရှင်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။လက်ရှိမှာ မြန်မာ့ပြောင်းဆန်တွေကို ထိုင်းနဲ့ဖိလစ်ပိုင် ဈေးကွက်တွေဆီ အများဆုံး တင်ပို့နေပြီး အိန္ဒိယနိုင်ငံ ကတော့ နိုင်ငံတွင်း လိုအပ်ချက်ပေါ်မူတည်ကာ မြန်မာ့ပြောင်းတွေကို ဝယ်ယူတင်သွင်းနေတာ ဖြစ်ပါတယ်။




