အင်အားပြင်းငလျင်လှုပ်ခတ်မှုနဲ့ ပဋိပက္ခသက်ရောက်မှုတွေကြားကနေ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အတန်အသင့် နာလန်ထူလာတဲ့လက္ခဏာတွေ ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးလေ့လာ သုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒါပေမဲ့ ပြည်တွင်းဝယ်လိုအားလျော့နည်းတာ၊ အလုပ်သမားရှားပါးတာနဲ့ လျှပ်စစ်ဓာတ်အားမကြာခဏ ပြတ် တောက်တာတွေကြောင့် စီးပွားရေးမျှော်မှန်းချက် အလားအလာမှာ အခက်အခဲအတားအဆီးတွေ ရှိနေဆဲဖြစ် တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်လည်ပတ်စွမ်းအားက ဧပြီလနဲ့ နှိုင်းယှဉ် ရင် မြင့်မားလာခဲ့ပြီး အရင်နှစ်က သိသိသာသာ ထိုးကျခဲ့တဲ့ မြန်မာကျပ်ငွေတန်ဖိုးက ၂၀၂၅ တစ်နှစ်တာကာလ တစ်လျှောက် ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းသယ်ဆောင် မှုက ၂၀၂၅ ခုနှစ် စက်တင်ဘာလ မတိုင်ခင် ၆ လတာကာလအတွင်း မြင့်တက်ခဲ့ရာကနေ ငလျင်ကြောင့် ကုန်စည် စီးဆင်းမှု တစ်စိတ်တစ်ပိုင်း လျော့ကျလာပါတယ်။မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည်နာလန်ထူလာတဲ့ ကနဦးလက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာလို့ ဆိုပေမဲ့ လိုအပ်ချက်တချို့ ရှိနေဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ မယ်လင်ဒါဂွတ်ဒ်က ပြောပါတယ်။

၂၀၂၆ ခုနှစ် မတ်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီဟာ အနည်းငယ်တက်လာနိုင်တယ်လို့လည်း ခန့်မှန်း ထားပါတယ်။ အရင်က ၂၀၂၆ ခုနှစ် မတ်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်အတွက် ဂျီဒီပီက အနုတ် ၂ ဒသမ ၅ ရာခိုင် နှုန်းခန့်ရှိမယ်လို့ ခန့်မှန်းခဲ့ရာကနေ ၂ ရာခိုင်နှုန်းခန့်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ဒေသတွေ အတွက် ပံ့ပိုးမှုတွေ ဆက်ရှိနေမယ်ဆိုရင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းခန့် ပြန်တက်လာနိုင်တယ် လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။




