ရင်းနှီမြှုပ်နှံသူတွေအနေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ခေတ်မီနည်းပညာနဲ့ ကုန်သွယ်မှု ကွန်ရက်တွေကို ကျယ်ပြန်အောင်ဆောင်ရွက်ကြဖို့ လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင် တိုက်တွန်းပြောကြားခဲ့ပါတယ်။ဇန်နဝါရီ (၁၈)ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ The ERAVATI Sule Grand Yangon မှာ ကျင်းပတဲ့ ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရိုးရာနှစ်သစ်ကူး အကြို ပွဲတော်အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ဖို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးဖို့ အသင့် ရှိနေတယ်လို့လည်း စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က ပြောပါတယ်။ အခမ်းအနားမှာ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ အသင်းဝင်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ နည်းပညာပြခန်းတွေပါဝင်တဲ့ ပြခန်း(၂၀)ကျော် ကိုလည်း ပြသခဲ့ပါတယ်။ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်းများအသင်းဟာ စားသောက်ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လက်ဖက် လုပ်ငန်း၊ IT နည်းပညာလုပ်ငန်း စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာထုတ်ကုန်တွေ ပိုမိုထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းနိုင်က ပြောပါတယ်။ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရိုးရာနှစ်သစ်ကူး အကြိုပွဲတော်အခမ်းအနားမှာ ကိုးကန့်တိုင်းရင်းသားအမျိုးသမီးရေးရာအဖွဲ့နဲ့ 2025 worldculture dance festival winner ဆုရှင် အဖွဲ့တွေက ကပြဖျော်ဖြေခဲ့ကြသလို တယောပညာရှင်တွေကလည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါ တယ်။ ဒါ့အပြင် အနုပညာလက်ရာတွေနဲ့ အခြားထုတ်ကုန်ကုန်ပစ္စည်းတွေ လေလံတင်ရောင်းချတာ၊ MoU ရေးထိုး တာနဲ့ Lucky Draw အစီအစဥ်တွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။




