စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် စမှတ်ဖြစ်စေမယ့် စီးပွားရေးအိုင်ဒီယာပြိုင်ပွဲ Starting Point Reality Show ကို ဇူလိုင်လ ၁၈ ရက်ကစပြီး အပတ်စဉ် သောကြာနေ့တိုင်း MNTV ရုပ်သံလိုင်း ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။Starting Point စီးပွားရေးအိုင်ဒီယာပြိုင်ပွဲအစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ည ၇ နာရီမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး အပတ်စဉ် ကြာသပတေးနေ့ ည ၇ နာရီနဲ့ သောကြာနေ့ နေ့လယ် ၁ နာရီခွဲ အချိန်တွေမှာ Replay ပြန်လည်ပြသမှာ ဖြစ်ပါတယ်။

ဒီအပြင် Skynet Application မှာလည်း နေရာမရွေးကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။စီးပွားရေးတစ်ခုစတင်ဖို့အတွက် စိတ်ကူးအိုင်ဒီယာပဲရှိပြီး ငွေကြေးအရင်းအနှီးမရှိလို့ အခက်အခဲရှိနေတဲ့သူတွေ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းသမားတွေ၊ လုပ်ငန်းလုပ်လက်စရှိပြီး ရှေ့မဆက်နိုင်တဲ့ လုပ်ငန်းငယ်လေးတွေ နဲ့စီးပွားရေးကဏ္ဍနယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိဖို့၊ စီးပွားရေးနဲ့ပတ် သက်တဲ့ အတွေ့အကြုံတွေ၊ အိုင်ဒီယာကောင်းတွေနဲ့ Network တွေ ပိုမိုရရှိဖို့ ရည်ရွယ်ပြီး စီးပွားရေးအိုင်ဒီယာ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးတာဖြစ်တယ်လို့ Sky Production 3 ရဲ့ Executive Producer ဦးလှိုင်ဘွားက ပြောပါ တယ်။

Starting Point စီးပွားရေးအိုင်ဒီယာပြိုင်ပွဲမှာ ဆုကြေးအနေနဲ့ ပထမဆုတစ်ဆုတည်းသာ ချီးမြှင့်မှာဖြစ်ပြီး ဆုကြေးငွေအနေနဲ့ကတော့ ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမှာပါ။စီးပွားရေးအိုင်ဒီယာပြိုင်ပွဲမှာ ဒိုင်တွေအဖြစ် ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဖြစ်လာပြီး လက်ရှိမှာ ပြည်တွင်း ပြည်ပကုမ္ပဏီ ၁၄ ခု ရင်းနှီးမြှုပ်နှံထားသလို မြန်မာနိုင်ငံမှာ ပထမဦးဆုံး Call Center စတင် ထူထောင်ခဲ့တဲ့ Blue Ocean Investment ကုမ္ပဏီလီမိတက်ရဲ့ Chairman and Group CEO ဦးထွန်းထွန်းနိုင်၊ သမ္မတနိဗ္ဗာန်ကုန်နဲ့ သင်္ကန်းတိုက်ပိုင်ရှင် ဦးနေအောင်ကို ၊ Kathryn Beauty နဲ့ စိန်နဲ့မြမွေ့ရာရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ကေသရီကျော်နဲ့ Shwe Zee Kwat Food Manufacturing & International Export ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာ ဒေါ်အိပိုးဖြူတို့က ပါဝင်ဆောင်ရွက်ပေးထားပါတယ်။



