စားအုန်းဆီကို ရန်ကုန်တိုင်းဒေသကြီးမှာ ဩဂုတ် ၄ ရက်ကစပြီး အမှာတစ်ခုအတွက် ၂ ပိဿာခွဲနှုန်းနဲ့ ပြောင်းလဲ ရောင်းချသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီက ထုတ်ပြန်ပါတယ်။လက်ရှိမှာ အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်ကို ၂ ပိဿာ ၇၅ ကျပ်သားနှုန်း ရောင်းချပေးနေရာ ကနေ တစ်ကြိမ်ကို ၂ ပိဿာခွဲနှုန်းနဲ့ ပြောင်းလဲရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၄၄ မြို့နယ်မှာ စားအုန်းဆီတွေကို မိသားစုတစ်စု တစ်လစာ ဝယ်ယူနိုင်ဖို့နဲ့ လျင်မြန်လွယ်ကူစွာ အိမ်အရောက်ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ရောင်းချပေးနေတာပါ။ရောင်းချမယ့် စားအုန်းဆီဈေးကတော့ အပတ်စဉ်ထုတ်ပြန်တဲ့ လက်ကားရည်ညွှန်းဈေးကို အခြေခံပြီး ကုန်ကျ စရိတ်ကို ထည့်သွင်းတွက်ချက်ထားတဲ့ဈေးနဲ့ ရောင်းချမယ်လို့လည်း ကော်မတီက ထုတ်ပြန်ထားပါတယ်။စားအုန်းဆီဖိုးကို ကြိုတင်ပေးချေဖို့ မလိုဘဲ အိမ်အရောက် ငွေချေစနစ်နဲ့ရောင်းချမှာဖြစ်ပြီး ပစ္စည်းရောက်မယ့် ရက်က မှာတဲ့ရက်နဲ့ ၃ ရက်လောက်ကွာခြားနိုင်တယ်လို့ သိရပါတယ်။

အိမ်ထောင်စုတစ်စုကို တစ်လ စားအုန်းဆီ ၂ ပိဿာခွဲနှုန်း (၅ လီတာဘူး)နဲ့ ဝယ်ယူနိုင်ဖို့အတွက် ခရိုင် ၁၄ ခု နဲ့ မြို့နယ် ၄၄ မြို့နယ်မှာ ခရိုင်အလိုက် Call Center တွေထားပြီး မှာကြားချက်တွေကို လက်ခံသွားမှာပါ။ အမှာစာ တွေကိုတော့ စနေနဲ့တနင်္ဂနွေ ရက်တွေကလွဲပြီး တနင်္လာကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း မှာကြားနိုင်တယ်လို့ သိရပါတယ်။အခု ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ် ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးက စားအုန်း ဆီ တစ်ပိဿာကို ၆၁၃၀ ကျပ် ဖြစ်တယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားပါတယ်။




