ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းအသစ် ၂ ခုကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC)က အတည်ပြုပေးလိုက်ပါတယ်။ဇူလိုင် ၂၃ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အစည်းအဝေးမှာ အခုလို အတည်ပြု ပေးလိုက်တာပါ။

အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းအသစ် ၂ ခုကတော့ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ခုနဲ့ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ခု ဖြစ်ပါတယ်။ လုပ်ကိုင်ကြမဲ့လုပ်ငန်းတွေကတော့ CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်းနဲ့ ပဲအမျိုးမျိုးကြိတ်ခွဲ သန့်စင်ထုတ်လုပ်ပြီး ပြည်ပကို ၁၀၀ ရာခိုင်နှုန်း တင်ပို့တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏက ကျပ်သန်း ၃၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပြီး ပြည်တွင်းမှာ လုပ်သား ၇၀၀ နီးပါးကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။



