ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေး အဆင့်မြင့် ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာတို့ကို ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကြံ့ခိုင်မှု ရှိတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေ အနေနဲ့ ဈေးဆိုင်ခန်းတွေ စတင်ဖွင့်လှစ်ပြီး မူလအတိုင်း ခင်းကျင်း ရောင်းချနေတယ်လို့ ဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌတွေက ပြောပါတယ်။

မန္တလေး ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာ အဆောက်အအုံတွေကို ဧပြီ ၄ ရက်နဲ့ ၇ ရက်က ပြည်တွင်း၊ ပြည်ပ ငလျင်ဒဏ်ကြံ့ခိုင်မှု စစ်ဆေးရေးအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ကြရာ ကြံ့ခိုင်မှု ရှိကြောင်း မှတ်ချက်ပေးတဲ့ အတွက် ဧပြီ ၂၁ ရက်ကစပြီး ဈေးရောင်းချခွင့် ပေးထားတယ်လို့ ဆိုပါတယ်။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ဘေးအန္တရာယ်ကင်းရှင်းကြောင်းနဲ့ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလို့ ပုံမှန်ဈေးဖွင့်ချိန်ဖြစ်တဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဈေးဆိုင်တွေကို အရင်အတိုင်း ဖွင့်လှစ် ရောင်းချနေကြတယ်လို့ သိရပါတယ်။

မန္တလေးဈေးချိုတော် ကိုင်းတန်းဈေးရုံကတော့ ငလျင်ဒဏ်ကြောင့် အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် ဆိုင်ခန်းရှင်တွေအတွက် ယာယီဆိုင်ခန်းနေရာတွေကို မဲစနစ်နဲ့ နေရာချထားပေးတယ်လို့လည်း သိရပါတယ်။ယာယီဆိုင်ခန်းနေရာ ၈၄ နေရာကိုတော့ ၈၅ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာ နေရာချပေးထားတာပါ။ငလျင်ဒဏ်ကြောင့် အဆောက် အအုံတွေ ပြိုလဲတာနဲ့ ပျက်စီးတာတွေအတွက် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကွပ်ကဲရေးရုံး ဖွင့်လှစ်ပြီး အဆောက်အအုံ တွေ ဖယ်ရှားရှင်းလင်းတာ၊ ကြံ့ခိုင်မှု စစ်ဆေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။