အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲတွေကြောင့် ဒီနေ့ ဧပြီလ ၁၀ ရက် ကြာသပတေးနေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ၁ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

သမ္မတထရမ့်ဟာ နိုင်ငံအများအပြားအပေါ် စည်းကြပ်ခွန်တိုးမြှင့်မယ့် ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ပြီး တရုတ်နိုင်ငံနဲ့တော့ ကုန်သွယ်ရေးစစ်ကို အရှိန်မြှင့်ဖို့ ဆောင်ရွက်လာတာပါ။ဒီနေ့မနက်ပိုင်းမှာ ဘရန့်(Brent)ရေနံစိမ်း တစ်စည်ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၃ ဒေါ်လာရှိပြီး ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ WTI ရေနံစိမ်းကတော့ တစ်စည်ကို ၆၁ ဒသမ ၈၆ ဒေါ်လာရှိပြီး ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်အထိ ရက်သတ္တပတ်တစ်ခုအတွင်း အမေရိကန်ရဲ့ ရေနံစိမ်းသိုလှောင်မှုဟာ စည်ပေါင်း ၂ ဒသမ ၆ သန်းအထိ မြင့်တက်ခဲ့ပြီး Reuters ရဲ့ စစ်တမ်းမှာ မျှော်မှန်းထားတာထက် နှစ်ဆနီးပါး ရှိတယ်လို့ စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။အမေရိကန်ဟာ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံဖို့ ကြေညာထားပြီး တရုတ်နိုင်ငံဘက်ကလည်း အမေရိကန်သွင်းကုန်တွေကို ဒီနေ့ ဧပြီ ၁၀ ရက်ကစလို့ အခွန် ၈၄ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။