အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက် ပြန်ဖွင့်ချိန်မှာ ရေနံဈေးတွေ တက်လာနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောကြားထားတာကို The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။ ရေနံဈေး တစ်ရှိန်ထိုးတက်လာရင် ထရမ့်ရဲ့ကုန်သွယ်ခွန်ကြောင့် အားပျော့နေတဲ့ကမ္ဘာ့စီးပွားရေးကို ပိုပြီး ထိခိုက်နိုင်ခြေရှိတယ်လို့လည်း စီးပွားရေးပညာရှင်တွေက သတိပေးနေကြတာကို တွေ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီတိုက်ခိုက်မှုဟာ ကြီးကျယ်တဲ့ စစ်ရေးအောင်မြင်မှုလို့ ဆိုခဲ့ပြီး အီရန်အနေနဲ့ ငြိမ်းချမ်းရေးယူဖို့ လက်မခံရင် အမေရိကန်စစ်တပ်က အီရန်ရှိ တခြားပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်နိုင်တယ်လို့လည်း ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။အစပိုင်းမှာတော့ ဈေးကွက်မှာ အထိတ်တလန့် ဖြစ်သွားနိုင်ပြီး ရေနံဈေးတွေလည်း ပိုမြင့်လာနိုင်ပါတယ်။

ဈေးကွက်အတွက် အဓိကစိုးရိမ်စရာကတော့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စတွေက ရေနံဈေးနဲ့ ငွေကြေး ဖောင်းပွမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာပါပဲလို့ Potomac River Capital ရဲ့ ရင်းနှီးမြှုပ်နှံ ရေးဆိုင်ရာအရာရှိက ပြောဆိုထားပါတယ်။ ဒါ့အပြင် စတော့ဈေးကွက်တွေ ကျဖို့ ရာခိုင်နှုန်းများပြီး ဘယ်လောက် အထိ ကျမလဲဆိုတာကတော့ အီရန်ရဲ့ တုံ့ပြန်မှုနဲ့ ရေနံဈေး ဘယ်လိုတက်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့လည်း သူက ဆိုပါတယ်။




