ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့နှိုင်းယှဉ်ရင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပကြွေးမြီဟာ ကျပ် ၇၀,၄၃၄ ဘီလီယံအထိ ရှိလာတယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။ ဒီပမာဏဟာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ရဲ့ ၅၀ ဒသမ ၂၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

နှစ်အလိုက် မြန်မာနိုင်ငံရဲ့ ပြည်တွင်း/ပြည်ပကြွေးမြီနဲ့ GDP မှာ ပါဝင်မှုအခြေအနေကို လေ့လာကြည့်ရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ ပြည်တွင်း/ပြည်ပ ကြွေးမြီ ကျပ်ဘီလီယံ ၄ သောင်းကျော်သာရှိပြီး GDP မှာတော့ ၃၈ ဒသမ ၇၁ ရာခိုင်နှုန်းပါဝင်ပါတယ်။၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၄ သောင်း-၇ ထောင်ကျော်သာရှိပြီး GDP မှာ ၄၂ ဒသမ ၂၄ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်တွင်းပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၅သောင်း-၈ထောင်ကျော်ရှိပြီး GDP မှာ ၅၃ ဒသမ ၈၃ ရာခိုင်နှုန်းပါဝင်ပါတယ်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၅သောင်း-၉ထောင်ကျော်ရှိပြီး GDP မှာ ၅၂ ဒသမ ၇၁ ရာခိုင်နှုန်းပါဝင်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ဘီလီယံ ၆ သောင်း – ၉ ထောင်ကျော် ရှိပြီး GDP မှာ ၅၅ ဒသမ ၅၅ ရာခိုင်နှုန်း ပါဝင်တာကို တွေ့ရပါတယ်။မြန်မာနိုင်ငံအနေနဲ့ ပြည်ပကြွေးမြီကို IDA ၊ IMF ၊ ADB ၊ AIF ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ပိုလန်၊ အိန္ဒိယ၊ အီတလီနဲ့ ထိုင်း စတဲ့ နိုင်ငံတွေကနေ အများဆုံးချေးယူထားတယ်လို့ သိရပါတယ်။