ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ Delivery ကုန်ပစ္စည်းပို့တဲ့အခါ မြို့နယ်အချို့ကို လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန် စတဲ့ ပစ္စည်းတွေကို ပို့ခွင့်ကန့်သတ်ထားတယ်လို့ အဝေးပြေး ယာဉ်လိုင်းကားဂိတ်တွေဆီက သိရပါ တယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ပဲခူးတိုင်း၊ မော်လမြိုင်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပြင်ဦးလွင် စတဲ့ ဒေသတွေက မြို့နယ်အချို့ကို ကုန်ပစ္စည်းအများစု တင်ပို့ခွင့် တားမြစ်ထားတယ်လို့ ဆိုပါတယ်။ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းအများစုဟာ ဆိုလာ၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ အလှကုန်အမျိုးမျိုး၊ ဆေးဝါး၊ မီးစက်၊ ခြေညှပ်ဖိနပ်၊ အုန်းနို့၊ ဘက်ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ အမွှေးတိုင်၊ ဖျာ၊ လက်ကိုင်ဖုန်း၊ ခေါက်ဆွဲ၊ ကြာဆံ၊ ကားတာယာ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည်၊ ကော်ဖီစေ့နဲ့ အမှုန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် လက်ဖက်ခြောက်၊ သစ်သီးမျိုးစုံ၊ သွားတိုက်ဆေးနဲ့ သွားတိုက်တံ၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရှူး၊ အင်ဂျင် ဝိုင်၊ ကြက်အူချောင်း၊ မီးလုံး၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ အသင့်သောက်နို့၊ ဒိန်ချဥ်၊ ဓာတ်ခဲ၊ တာယာ၊ ကျွတ်၊ ပရုတ်လုံး ၊ပလပ်စတစ်ခြင်း/ပုံးခွက်၊ ပါဝါဘန့် တို့လည်း ပို့ခွင့် တားမြစ်ထားတာပါ။

အိမ်အရောက် ပစ္စည်းပို့တဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်လာသလို ကားဂိတ်ကနေ ပစ္စည်းပို့တဲ့ အခါမှာလည်း ကန့်သတ်မှုတွေ ရှိလာတယ်လို့ အဝေးပြေး ယာဉ်လိုင်းအချို့က ပြောပါတယ်။ တချို့ ကားဂိတ်တွေကလည်း လူမဲ့တန်ဆာ ပစ္စည်းတွေကို အကန့်အသတ်နဲ့အနည်းငယ်သာ လက်ခံပြီး တချို့ကားဂိတ်တွေမှာ ဆိုရင်တော့ ပြည်တွင်းထုတ် အဝတ်အစားနဲ့ အစားအစာတွေကို တစ်ပိုင်တစ်နိုင် လက်ခံကာ စီးပွားဖြစ် ပို့မယ်ဆိုရင် လုပ်ငန်း လိုင်စင်၊ အခွန်ပေးဆောင်ပြီးကြောင်း ပြေစာတွေပါမှာသာ လက်ခံတာ ဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်း ကားဂိတ်တစ်ခုက တာဝန်ရှိသူတစ်ယောက်ကလည်း ပြောပါတယ်။အခုလို အိမ်အရောက်ပို့ ကုန်ပစ္စည်းတွေကို ကန့်သတ်လိုက်တဲ့အတွက် Delivery လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့လာသလို တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းရောင်းချသူတွေနဲ့ စျေးရောင်းသူတွေလည်း အခက်တွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ အိမ်အရောက်ပို့ Delivery လုပ်ငန်းတွေအနေနဲ့ ရန်ကုန် နဲ့ မန္တလေးတိုင်းနှစ်ခုသာ ပစ္စည်းပို့မှု အဆင် ပြေတဲ့ အခြေအနေရှိနေကာ ကျန်တဲ့ဒေသတွေကို ပစ္စည်းပို့မှု ပိုပြီး ခက်ခဲလာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပကနေ ပြည်တွင်းကို လေကြောင်းကနေတစ်ဆင့် ကုန်ပစ္စည်း တင်သွင်းမှုကိုလည်း စစ်ဆေးမှု တင်းကျပ် ထားတယ်လို့ သိရပါတယ်။



