အခုနှစ် မိုးရာသီမှာ သီးနှံစိုက်ပျိုးချိန် ရာသီဥတုဖောက်ပြန်မှုကြောင့် ပြီးခဲ့တဲ့ နှစ်တွေထက် နှမ်းအထွက်နှုန်း လျော့ကျသလို စျေးကွက်လည်း ကျဆင်းနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ အထွက်နှုန်း ကျဆင်းပြီး စျေးလည်း မရတဲ့အတွက် တောင်သူတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
သီးနှံစျေး ကျဆင်းနေတာကြောင့် တောင်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာမှ တောင်သူ ဦးညွန့်ဦးက အခုလို ပြောပါတယ်။
မိုးနှမ်းပေါ်စ သြဂုတ်လတုန်းက စမုံနှမ်းနက် တစ်တင်းကို ကျပ်၂ သိန်းကျော်၊ နှမ်းဖြူ တစ်တင်းကို ကျပ် ၁ သိန်း ၆ သောင်းကျော် ရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းမှာတော့ နှမ်းဖြူ တစ်တင်းကို ကျပ် တစ်သိန်း သုံးသောင်းခွဲ ဝန်းကျင်ဈေးသာ ရှိတော့တယ်လို့ သိရပါတယ်။
အခုနှစ် စိုက်ပျိုးရာသီချိန်မှာ အရင်နှစ်တွေနဲ့မတူဘဲ သွင်းအားစု စရိတ်နဲ့ လုပ်သားခ မြင့်တက်မှုတွေနဲ့ တောင်သူတွေ ကြုံတွေ့ခဲ့ရပြီး လာမယ့် ဆောင်းသီးနှံ စိုက်ပျိုးဖို့အတွက် အခက်အခဲတွေ များစွာ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။