တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း(၁၅၉၄)ဧကရှိတဲ့နယ်မြေကို စခန်းသစ်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ ဩဂုတ်လ(၃)ရက်မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။
၂၀၁၈ ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေအရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးကာ ဇူလိုင်လ ၂၄ ရက်ကစပြီး အခုလို သတ်မှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ်ခံစားရမှုတွေကို သဘာဝတံတိုင်းကြီးတွေသဖွယ် ကာကွယ်ဖို့၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေအတွက် ငါး၊ကဏန်း၊ပုစွန်စတဲ့ ရေသယံဇာတတွေ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင် ဖို့၊ ကုန်းတွင်းပိုင်းကို ဆားငန်ရေဝင်ရောက်မှုတွေကနေ တားဆီးကာကွယ်နိုင်ဖို့နဲ့ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တာကြောင့် ဒီရေတောသစ်မျိုးတွေဖြစ်တဲ့ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ သမဲ့ကြီး၊ သမဲ့ကျက်တက်၊ လမု၊ လဘ၊ပင်လယ်အုန်း၊ ဓနိပင် စတာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ခရုစုပ်ငှက်၊ ဗျိုင်းငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ တောဘဲ၊တင်ကျီးငှက်စတဲ့ ငှက်မျိုးတွေရဲ့ နေရင်းဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့သိရပါတယ်။