ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄)သင်တန်းဖွင့်ပွဲတွေကို ဩဂုတ် ၅ ရက်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေတွေရှိ သင်တန်းကျောင်းအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သင်တန်းကျောင်းတွေကိုတော့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့တာဝန်ရှိသူတွေကသွားရောက်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)က သင်တန်းသားတွေကိုတွေ့ဆုံကာ သင်တန်းသားတွေအတွက် ဂုဏ်ပြုချီးမြှင့်ငွေတွေနဲ့ ထောက်ပံ့ပစ္စည်းတွေပေးအပ်ကြပြီး သင်တန်းသားတွေကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်ကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)ကို ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။