ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခဲ့တဲ့ ၇ လအတွင်း မြန်မာ့ပြောင်းတန်ချိန် ၁ သန်းခွဲလောက် တင်ပို့ထား တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။

အခုနှစ်မှာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်းတန်ချိန် ၁ သန်းခွဲခန့် တင်ပို့ဖို့ လျာထားပြီး ဖေဖော် ဝါရီလကနေ ဩဂုတ်လ ၂၀ ရက်အထိ တန်ချိန်၁ ဒသမ ၄ သန်းကျော် တင်ပို့ထားနိုင်တာကြောင့် လျာထားချက် ပြည့်မီနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့ ဂုဏ်ထူးဆောင်နာယက ဦးမင်းခိုင်က ပြောပါတယ်။ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းတွေကို ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လအတွင်း အခွန် ကင်းလွတ် ခွင့်နဲ့ တင်ပို့ခွင့်ပြုထားတာပါ။ ထိုင်းဘက်မှာ ပြောင်းပေါ်ချိန်ဖြစ်တဲ့ စက်တင်ဘာလကနေ ဇန်နဝါရီလကုန်အထိ ၅ လအတွင်းမှာတော့ အခွန်ကင်းလွတ်ခွင့်နဲ့ ဝယ်ယူခွင့်ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို တာချီလိတ်နယ်စပ်ကနေ တင်ပို့မှုအချို့ရှိပြီး အများစုကတော့ ရန်ကုန်-ကော့သောင်း-ရနောင်း ရေကြောင်းလမ်းကနေ အများဆုံးတင်ပို့နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ မြန်မာ့ပြောင်းကို ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိက တင်ပို့နေတာပါ။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ ဩဂုတ်လ ၂၀ ရက်မှာ ပြောင်းတစ်တန်ကို သင်္ဘောပေါ်အရောက် (FOB)ဈေးနှုန်းက အမေရိကန်ဒေါ်လာ၂၅၀ ကနေ ၂၆၀ ကြားရှိပြီး ရန်ကုန်ဈေးကွက်မှာ လက်ကား တစ်ပိဿာကို ကျပ် ၁၆၀၀ ကျော်ဈေး ရှိနေပါတယ်။