မကွေးမြို့နယ်အတွင်းရှိ မြေပဲ၊ နှမ်းစိုက်ခင်းတွေ မိုးလိုအပ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ မိုးဦးရာသီ မြေပဲ၊ နှမ်းစိုက်ခင်းတွေကို မေလဆန်းပိုင်းမှာ စတင်စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။မြေပဲ၊ နှမ်း စိုက်ခင်းတွေ စိုက်ပျိုးပြီး နောက်ပိုင်း မိုးနည်းသွားတာကြောင့် အပင်ပေါက်မညီသလို အပင်ကြီးထွားမှု နည်းတာတွေ ရှိနေတယ်လို့ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာက တောင်သူ ဦးညွန့်ဦးက ပြောပါတယ်။

မိုးနည်းပါးနေတာကြောင့် စိုက်ခင်းတွေမှာ ပေါင်းမြက်ပေါက်ရောက်မှု နည်းလို့ ပေါင်းနှုတ်ခ စရိတ်ကတော့ အရင်နှစ်ကထက် နည်းပါးတယ်လို့ ဆိုပါတယ်။မိုးဦးကျစောတာက တောင်သူတွေအတွက် ကောင်းမွန်ပြီး မိုးနှောင်းကာလ စိုက်ပျိုးသီးနှံတွေကို စောလျင်စွာ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မိုးသီနှံတွေ ကောင်းကောင်းမွန်မွန် ကြီးထွားလာဖို့ မိုးသည်းထန်စွာ ရွာသွန်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။