မကွေးတိုင်းမှာ အခုနှစ်မိုးရွာသွန်းမှုများခဲ့တာကြောင့် ထွက်ရှိတဲ့နှမ်းတွေမှာ အက်ဆစ်ဓာတ်များပြီး အရည်အသွေး ညံ့ကာ အရောင်းအဝယ်လည်း အေးနေတယ်လို့ နှမ်းကုန်သည်တွေဆီကနေ သိရပါတယ်။မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာ နှမ်းကို ရေသွင်းစိုက်ပျိုးကြပြီး အခုကာလဟာ ရေသွင်းနှမ်းပေါ် ချိန်လည်း ဖြစ်ပါတယ်။

မကွေးမြို့မှာ ရေသွင်းနှမ်းကို ဇွန်လကနေ သြဂုတ်လအထိ အရောင်းအဝယ် ပြုလုပ်ကြ တာပါ။လက်ရှိမှာ နှမ်းဖြူတစ်တင်းကို အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး၁သိန်း ၂ သောင်းကျပ်ဝန်းကျင်အထိ စျေးရှိပြီး စမုံနှမ်းနက်ကတော့ တစ်တင်းကို ၂ သိန်းကျပ်ကနေ ၂ သိန်း၂ သောင်းကျပ်ဝန်းကျင် စျေးရှိနေတာပါ။ နှမ်းကို မန္တလေးဘက်ကို အဓိကတင်ပို့တာဖြစ်ပြီး ဝယ်ယူမှုလည်းနည်းနေသလို စျေးကွက်လည်း မရတဲ့အတွက် မကွေးမှာ အရောင်းအဝယ်အေးနေတယ်လို့ ဆိုပါတယ်။ မကွေးမြို့မှာ နှမ်းအပြင် တခြားပဲမျိုးစုံစျေးကွက်လည်း အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။