တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ ဇွန်လ ၁၈ ရက် ညကနေ ၂၄ ရက်အထိ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက် မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၈ ရက် ည ၇ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်း နေတာ၊ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန် စတာတွေကြောင့် အခုလို ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်၊၊ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင် ပါတယ်။

ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။အဲဒီအပြင် အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဂျက်ခမ်း ပြည်နယ်ကို ရောက်ရှိကာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီဖြစ်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။