ပခုက္ကူမြို့နယ်မှာ အပူချိန်မြင့်တက်လာမှုတွေကြောင့် ဒေသခံပြည်သူတွေအတွက် အပူဒဏ်အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အပူရှောင်စခန်း ၁ ခု ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။အပူချိန် မြင့်တက်လာတာကြောင့် မိမိတို့နေအိမ်မှာ နေထိုင်ဖို့ခက်ခဲပြီး အပူဒဏ်ကာကွယ်နိုင်ရေး တိမ်းရှောင်ဖို့ လိုအပ်သူတွေ သက်ကြီးရွယ်အိုဘိုးဘွားတွေ၊ ကျန်းမာရေးအားနည်းသူတွေအတွက် ခရိုင်/မြိုနယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုနဲ့ လူဦးရေ အယောက်(၂၅၀)ဆံ့ အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

အပူရှောင်လာရောက်သူတွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေး စီစဉ်ပေးထားသလို အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ကျန်းမာရေးစောင့်ရှောက် ပေးနေတယ် လို့ သိရပါတယ်။ အပူရှောင်လာရောက်နားခိုတဲ့ လူဦးရေ အနည်းအများပေါ်မူတည်ကာ အမှတ်(၁)ရပ်ကွက် ပြည်သာယာခန်းမမှာ လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းနဲ့ အမှတ်(၁၄)ရပ်ကွက်ရှိ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်မှာ လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းတွေကိုလည်း ကြိုတင်စီမံဆောင်ရွက်နေတယ်လို့ မြို့နယ်အပူရှောင်စခန်းကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။




