နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီက မိုးစပါးဧက ၁၀ သိန်းကျော်အတွက် အခုနှစ်မိုးစပါးချေးငွေနဲ့ မိုးမြေပဲသီးနှံချေးငွေထုတ်ချေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဩဂုတ် ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၄-၂၀၂၅ မိုးစပါးသီးနှံကို နေပြည်တော်၊ ကချင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီဒေသတွေမှာ စုစုပေါင်း ဧက ၉ သိန်းခွဲကျော်မှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
မိုးမြေပဲသီးနှံစိုက်ပျိုးတာကိုတော့ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီဒေသတွေမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ စုစုပေါင်း ဧက ၁ သိန်းကျော်မှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းနဲ့ နွေစပါးစီမံကိန်းကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာဆောင်ရွက်ခဲ့ရာ ပဲတီစိမ်းသီးနှံနဲ့ နွေစပါးသီးနှံအတွက် စုစုပေါင်း ကျပ် ၁၇၄ ဘီလီယံကျော် သုံးစွဲနိုင်ခဲ့ပြီး ချေးငွေတွေအားလုံးပြန်လည်ရရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါ တယ်။
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစီမံကိန်းကိုတော့ နေပြည်တော်၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ကျပ် ၁၃၄ ဘီလီယံကျော် အသုံးပြုဆောင်ရွက်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ခုနှစ် နွေစပါး စီမံကိန်းကိုတော့ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ကျပ် ၁၄၇ ဘီလီယံကျော် အသုံးပြုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။