(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ ဩဂုတ် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ကြာကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း ၅၇၁ တွဲ ရောင်းချပေးနိုင်ခဲ့တယ်လို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီကနေသိရပါတယ်။
ဒီပြပွဲမှာ စုစုပေါင်းပုလဲအတွဲ ၇၀၀ ရောင်းချတဲ့အထဲက အတွဲပေါင်း ၅၇၁ တွဲကို ပြည်တွင်း၊ ပြည်ပက ရတနာကုန်သည်တွေကိုရောင်းချပေးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ရောင်းချပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဩဂုတ် ၁၅ ရက်က ပုလဲအတွဲပေါင်း ၂၄၀ အတွက် အိတ်ဖွင့်တင်ဒါတွေကို တာဝန်ရှိသူတွေကဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲ ၁၉၆ တွဲ ရောင်းချရတယ်လို့ ကြေညာ ခဲ့ပါတယ်။
ဒါ့အပြင် အရင်နေ့တွေက တင်ဒါမအောင်ခဲ့တဲ့ ပုလဲအတွဲတွေကို ပြန်လည်ရောင်းချပေးရာမှာတော့ ပုလဲအတွဲ ၁၄ တွဲ ရောင်းချပေးနိုင်ခဲ့တယ်လို့သိရပါတယ်။