ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ မြစ်ရေမြင့်တက်လာတာကြောင့် ဇူလိုင် ၃၀ ရက်အထိ လယ်ယာမြေဧက ၁၈၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကနေ သိရပါတယ်။
ကြို့ပင်ကောက်မြို့မှာ ဇူလိုင် ၁၈ ရက်ကစပြီး မြစ်မခမြစ်ရေမြင့်တက်လာတာကြောင့် မိုးစပါးလယ်ယာမြေတွေ စတင်ရေနစ်မြုပ်ခဲ့ပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၃၀ ရက်အထိ မိုးစပါး ၁၆၅၂၄ ဧကနဲ့ မိုးနှမ်း ၁၈၇၃ ဧက စုစုပေါင်း ၁၈၃၉၇ ဧက ရေနစ်မြုပ်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။
ရေနစ်မြုပ်နေတဲ့ လယ်ယာမြေတွေမှာ ရေပြန်လည်ကျဆင်းတာမရှိသေးဘဲ ကြို့ပင်ကောက်မြို့နယ်တစ်မြို့နယ်လုံး အတိုင်းအတာအနေနဲ့ မိုးစပါးဧက ရှစ်သောင်း ခြောက်ထောင်ကျော် စိုက်ပျိုးထားနိုင်တယ်လို့လည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကနေသိရပါတယ်။
ရေကြီးနစ်မြုပ်ပြီး ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် တောင်သူတွေအနေနဲ့ လယ်ယာမြေပျက်စီးမှု အာမခံကြေး တစ်ဧကကို သုံးသောင်းကျပ် ပြန်လည်ရရှိသွားမှာဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကြို့ပင်ကောက်ဘဏ်ခွဲကနေ သိရပါတယ်။
ဒါ့အပြင် ကြို့ပင်ကောက်မြို့နယ်မှာ မြစ်မခမြစ်ရေ မြင့်တက်မှုနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၃၀ ရက်အထိ အခြေခံပညာကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။