မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ တောင်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၈၀၀၀ ကျော် ထုတ်ချေးပြီး ဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင်ဘဏ်ခွဲကနေ သိရပါတယ်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးပေးနေရာ မင်းဘူး(စကု)မြို့နယ်မှာ ကျေးရွာအုပ်စု ၂၀ ၊ တောင်သူ ၆၀၀ ကျော်အတွက် စပါးတစ်ဧကကို ကျပ်တစ်သိန်းခွဲ၊ ယာသီးနှံတွေအတွက် တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ စုစုပေါင်း ဧက ခြောက်ထောင်ကျော်အတွက် ကျပ်သိန်းပေါင်း ၈၂၀၀ ကျော် ထုတ်ချေးပေးထားတာ ဖြစ်ပါတယ်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ အခု ၂၀၂၄ ခုနှစ်အတွက် မင်းဘူး(စကု)မြို့နယ်မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းလောက်အထိ ထုတ်ချေးဖို့ လျာထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင် ဘဏ်ခွဲကနေ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူ ၂၀၀ ကျော်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၁၄၀၀ ကျော်ကို ဇူလိုင် ၂၃ ရက်က ထုတ်ချေး ပေးခဲ့တယ်လို့ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။