မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနဲ့ကျောက်ပန်းတောင်း-ချောက်- မကွေးလမ်းတို့ရဲ့လမ်းမကြီး ဝဲ/ယာမှာ ကြီးမြန်သစ်ပင်တွေစိုက်ပျိုးရေးနဲ့ အပူပိုင်းဇုန် ခရိုင် ၁၃ ခုမှာ အနည်းဆုံး တစ်ရွာကို ၂ ဧက စိုက်ခင်း တွေတည်ထောင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆက်စပ်ဌာနတွေ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။
ဇူလိုင်(၂၃)ရက် မနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမမှာ ပြုလုပ်တဲ့ အပူပိုင်းဇုန်ဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနဲ့ လမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
၂၀၂၄ ခုနှစ် မိုးရာသီမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၈၀၉ ရွာမှာ ကျေးရွာထင်းစိုက်ခင်းနဲ့ ဘက်စုံသုံးစိုက်ခင်း ၃,၅၅၁ ဧက၊ အပင် ၂ ဒသမ ၁ သန်းကျော် စိုက်ပျိုးဖို့ လျာထား ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်မှာ ၉၇ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင် စိုက်ပျိုးမှုမှာလည်း အပင် ၄၀,၀၀၀ ကျော်စိုက်ပျိုးဖို့ လျာထား ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်မှာ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီး ဆက်လက်စိုက်ပျိုး ဆောင်ရွက်နေတယ်လို့ ပြော ပါတယ်။
အလားတူ မိတ္ထီလာ ခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံ အခု၂၀ ရဲ့ ရေဝေရေလဲ ဧရိယာတွေမှာလည်း ရေဝေရေလဲ ထိန်းသိမ်းတာနဲ့ ရေဝေရေလဲစိုက်ခင်းတည်ထောင်တာတွေအတွက် ဆက်စပ်ဌာနတွေနဲ့ ပေါင်းစပ် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။