ပြီးခဲ့တဲ ၂၀၂၄ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ဓာတ်မြေဩဇာတန်ချိန် (၁၄)သိန်း (၃)ထောင်ကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် (၂)သောင်းခန့်ကို တင်သွင်းနိုင်ခဲ့တယ်လို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သိရပါတယ်။ဇန်နဝါရီ ၂ ရက်က ကျင်းပပြုလုပ်တဲ့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ကော်မတီအနေနဲ့ အဲဒီဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေးတင်သွင်းနိုင်ရေးအတွက် လျာထားသတ်မှတ်ချက်အလိုက် ထောက်ခံပေးခဲ့တာဖြစ်ပြီး အခုဘဏ္ဍာနှစ်မှာလည်း တင်သွင်းဖို့ ကျန်ရှိနေတဲ့ မြေဩဇာနဲ့ ပိုးသတ်ဆေး တန်ချိန် တွေကိုလည်း ဆက်လက်စိစစ်ထောက်ခံပေးသွားမှာ ဖြစ်တယ်လို့ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောပါတယ်။
ဦးဆောင်ကော်မတီအနေနဲ့ ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေရှိ အရောင်းဆိုင်တွေမှာ ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင် အမြတ်တို့အပေါ် မူတည်ထုတ်ပြန်တာဖြစ်ပြီး ပိုမိုရောင်းချနေမှုရှိရင် စိစစ် ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။