အောင်နိုင်တိုး Yezin Super Rice(YSR-1) မျိုးစပါးသစ်ကို ပြည်ပဈေးကွက် တင်ပို့နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ဖြေကြားထားပါတယ်။အဲဒီ မျိုးစပါးသစ်ကို ၂၀၂၄ မိုးစပါးရာသီမှာ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွေနဲ့ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ ၈၃၄၅ ဧက ကျော် စိုက်ပျိုးခဲ့ တယ်လို့ ဆိုပါတယ်။
စပါးအထွက်နှုန်းအနေနဲ့ တစ်ဧက တင်း ၁၄၀ ကနေ ၁၅၀ အထိ ထွက်ရှိနိုင်ပြီး နိုင်ငံတော်က သတ်မှတ်ထားတဲ့ ပန်းတိုင်အထွက်နှုန်း ရရှိဖို့အတွက် စိုက်ပျိုးဖို့ အထူးသင့်လျော်တဲ့ စပါးမျိုးဖြစ်တယ်လို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မျိုးစပါးသစ်ရဲ့အားသာချက်တွေမှာ ဆန်သားကြည်လင်ပြီး ဆန်လုံးရှည်သွယ်တာ၊ စားသုံးမှုအရည်အသွေး ကောင်း မွန်တာ၊ စပါးဂုတ်ကျိုးရောဂါနဲ့ ဖြုတ်ညိုပိုးဒဏ်ခံနိုင်တာ၊ ပတ်ဝန်းကျင်ရာသီဥတုရိုက်ခတ်မှုကို ပိုမို ခံနိုင်ရည်ရှိတာ တွေဖြစ်ပြီး အားနည်းချက်တွေကတော့ နို့ရည်တည်ပြီး နောက်ပိုင်းကာလမှာ စပါးသီးလုံးများတာကြောင့် လေ၊ မိုး တိုက်ခတ်မှု ဒဏ်ခံရရင် ယိုင်လဲမှုရှိနိုင်တာ၊ ပုလဲမြေဩဇာအလွန်အကျွံသုံးတဲ့ အခြေအနေမှာ ယိုင်လဲမှု ဖြစ်ပေါ် နိုင်တာနဲ့ ရွက်ခြောက်ရောဂါကို ကာကွယ်ဖို့ လိုအပ်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။
မျိုးစပါးသစ်ဟာ ရှည်သွယ်တဲ့ ဧည့်မထစပါးမျိုး ဖြစ်ပြီး ဆန်ကောင်းထွက်မှု ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းကျော် ကြိတ် ခွဲဒဏ်ခံနိုင်တဲ့ စပါးမျိုး ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင် စပါးမျိုး ဖြစ်ပါတယ်။စပါးသက်တမ်းကတော့ ပုံမှန်ပျိုးထောင်ကောက်စိုက်ရင် ရက် ၁၂၀ လောက် ရှိပြီး နွေ၊ မိုး စိုက်ပျိုးနိုင်တဲ့ သက်လျင်စပါးမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် Yezin Super Rice(YSR-1) မျိုးစပါးသစ်ကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပကိုလည်း ကိုယ်ပိုင်အမှတ် တံဆိပ်တွေနဲ့ တင်ပို့နိုင်တဲ့အတွက် အောင်နိုင်တိုး အမည်နဲ့ ပြည်ပဈေးကွက်ကို တင်ပို့နိုင်ရေး မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် အပါအဝင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ဖြေကြားထားပါတယ်။