ရော်ဘာအများဆုံးထွက်ရှိတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ဘက်မှာ ရော်ဘာဈေးကွက်ဟာ လတ်တလောမှာ အတက်ဘက်ကို ဦးတည်နေတယ်လို့ ရာပြည့်ရော်ဘာပွဲရုံလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ရော်ဘာရာသီ မရောက်ခင်မှာတော့ စုဆောင်းထားသူတွေအနေနဲ့ ရော်ဘာတစ်ပေါင်ကို ကျပ် ၃၅၀၀ အထိ ရရှိကြပြီး ရော်ဘာ စတင်ထွက်ချိန်မှာတော့ ဈေးအနည်းငယ် ပြန်ကျတာတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအထိတော့ ရော်ဘာစိုက်တောင်သူတွေအနေနဲ့ ဈေးကောင်းရရှိနေတာဖြစ်ပေမယ့် နယ်မြေ တည်ငြိမ်မှု မရှိတဲ့ ဒေသအချို့က တောင်သူတွေအနေနဲ့ကတော့ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ရပ်နားထားရတာတွေရှိ တယ်လို့ ဆိုပါတယ်။ ပြည်ပကို တင်ပို့ရောင်းချလိုသူတွေကလည်း ရော်ဘာဒိုင်တွေကတစ်ဆင့် လာရောက် ဝယ်ယူတာတွေရှိပြီး အများအားဖြင့် မလေးရှား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ကြတယ်လို့ သိရပါတယ်။
ပြည်ပကိုတင်ပို့မယ့် ကုမ္ပဏီတွေကလည်း တစ်လကို အနည်းဆုံး ရော်ဘာပေါင် တစ်သိန်းကျော်ခန့် ရော်ဘာဒိုင်ကနေလာရောက်ဝယ်ယူတာတွေရှိတယ်လို့ ဆိုပါတယ်။နှစ်စဉ် ရော်ဘာထွက်ရှိချိန်ကတော့ အောက်တိုဘာလဆန်းပိုင်းက စတင်တာဖြစ်ပြီး ရော်ဘာပင် ၇ နှစ်ကျော် ၈ နှစ်သားအရွယ်ရောက်ရင် ရော်ဘာစေးခြစ်ယူလို့ ရပြီလို့ ဆိုပါတယ်။ စိုက်ပျိုးစရိတ်အနေနဲ့ စတင်စိုက်ပျိုးချိန် ပထမနှစ်မှာ တစ်ပင်ကို အနည်းဆုံးငွေကျပ် ၃ ထောင်ဝန်းကျင် ကုန်ကျပြီး နောက်နှစ်တွေမှာတော့ မြေအောင်း ပိုးသတ်ဆေးနဲ့အထွေထွေကုန်ကျစရိတ်အတွက် တစ်ပင်ကိုကျပ် ၈၀၀ နဲ့ ၉၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရော်ဘာထွက်ရှိမှု အများဆုံးကတော့ မွန်ပြည်နယ်ဖြစ်ပြီး တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေကလည်း ထွက်ရှိကြပေမယ့် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ ရော်ဘာတွေက အကောင်းဆုံးဖြစ် တယ်လို့ သိရပါတယ်။